တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ


၂ဝ၂ဝ ပြည့်နှစ်တွင် တရားမျှတသည့်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာပြုလုပ်ပေးနိုင်ရန် လိုအပ်သည်ကို နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းအမှတ်စဉ်(၁၈)  သင်တန်းဆင်း ပွဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ''၂ဝ၂ဝ ပြည့်နှစ် သည် နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူလူထုအတွက် စိန်ခေါ်မှုများတွေ့ကြုံရမည့် နှစ်တစ် နှစ်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ လက်ရှိပကတိအနေအထားအရ ပြည်သူလူထုကရွေးချယ် ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်မာရေးအတွက်တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာပြုလုပ်ပေးနိုင်ရန် လိုအပ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်ပါက အနာဂတ်ဒီမိုကရေစီ လျှောက်လှမ်းရေးတွင် အခက်အခဲဖြစ်လာနိုင် ကြောင်း၊ ရွေးကောက်ပွဲတရားမျှတစွာ ပြီးမြောက်အောင်မြင်စေရန် နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် မရှိမဖြစ်လိုအပ်သည့်အတွက် တပ်မတော်အနေဖြင့် ဝိုင်းဝန်းကူညီ ပံ့ပိုးရန် လိုအပ်ကြောင်း'' အမှာစကားပြောကြားခဲ့သည်။

ပုံမှန်အချိန်ဇယားအရ ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။ အထွေထွေ ရွေးကောက်ပွဲများကို ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင်လည်းကောင်း၊ ၂ဝ၁၅ ခုနှစ်နိုဝင်ဘာလ ၈ ရက်နေ့တွင် လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲများကို ၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင်လည်းကောင်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) အရ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၃ဝ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးအပါ) ၆၆၄ ဦး၊   စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၁၁၇၁ ဦး ရွေးကောက်တင်မြှောက်ပေးရမည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်၍မျှတ သော ရွေးကောက်ပွဲ ဖြစ်စေရန်မှာ အရေးကြီးသည်။ လွတ်လပ်၍မျှတခြင်းတွင်  ရည်ရွယ်ချက် များသည် အပြန်အလှန်ဆက်စပ်ဒွန်တွဲနေပြီး အချို့သည်အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရသည့် သဘောရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား၌ ထင်ဟပ်စေခဲ့သည်။ လွတ်လပ်၍မျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရန်အတွက် မဲဆန္ဒ ရှင်ပြည်သူလူထု၊ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဝင်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့်ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊  သတင်း မီဒီယာများ၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်သော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ အားလုံးပါဝင် ဆောင်ရွက်ရန်လိုသည်။ ကျင်းပသောရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပါက ပြည်သူတို့လိုလားတောင့်တခဲ့သော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မြဲမည့်အပြင် ကျွန်ုပ်တို့မြန်မာ နိုင်ငံ၏ နိုင်ငံရေးသမိုင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဂုဏ်သိက္ခာမြင့်မားမည်ဖြစ် သော်လည်း ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ ကျူးလွန်ခြင်း၊ နည်းမျိုးစုံဖြင့်မသမာမှု၊ ဘက်လိုက် မှုများပြုလုပ်ခြင်း၊ ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်မှုများ၊ တရားမဲ့ပြုလုပ်မှုများ ပေါ်ပေါက်လာပါကမြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းနှင့် နိုင်ငံတကာတွင်မြန်မာနိုင်ငံ၏ပုံရိပ်မှာ ဂုဏ်သိက္ခာ ကျဆင်းမည်ဖြစ်သည့်အပြင် ဆယ်စုနှစ်တစ်ခုသာ တည်ဆောက်ပြီးခဲ့သည့် မြန်မာ့ ဒီမိုကရေစီ ယဉ်ကျေးမှုအနုတ်လက္ခဏာပြမည်ဖြစ်သည်။ လွတ်လပ်၍မျှတသော  ရွေးကောက် ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆောင်ရွက်နိုင်မှု (Participation)၊ တရားဥပဒေစိုးမိုးမှု (Rule of Law)  ပွင့်လင်းမြင်သာမှု (Transparency)၊ တူညီဆန္ဒအလေးပေးမှု (Consensus Orientation)၊ တန်းတူရည်တူရှိမှု (Equality)  အပြန်အလှန်ထိန်းကျောင်းမှု (Check and Balance)၊ စွမ်းဆောင်ရည်ပြည့်ဝမှု (Efficency)၊ တာဝန်ခံမှု (Accountability) နှင့်တာဝန်ယူမှု (Responsibility)  ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် သတင်းဌာန များ၏အရေးပါမှု (Observer and Media)၊ နိုင်ငံရေး  ယဉ်ကျေးမှု (Political Culture) စသည့် ဝိသေသ ၁ဝ ချက်နှင့်ပြည့်စုံရန် လိုအပ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ပါတီစုံ ဒီမိုကရေစီစနစ် ဖြစ်သည်နှင့်အညီ လူထုလူတန်းစားအလွှာအသီးသီး၊ တိုင်းရင်းသားလူမျိုးအသီးသီး၏ ရည်ရွယ်ချက်နှင့် ဆန္ဒသဘောထား များအပေါ်မူတည်၍ နိုင်ငံရေးပါတီများ တည်ထောင်လာ ကြသည်။ မြန်မာ့နိုင်ငံရေးကိုနောက်ကြောင်း ပြန်ကြည့်မည်ဆိုပါကခေတ်စနစ်အလိုက် မတူညီသော ရည်ရွယ်ချက်နှင့် ဆန္ဒသဘောထား အမျိုးမျိုး အပေါ်မူတည်၍ နိုင်ငံရေးပါတီအသီးသီး ပေါ်ပေါက်ခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိကာလတွင် အယူဝါဒပြင်းထန်သည့်ခေတ် ဖြစ်သည့်အတွက် ဝါဒသဘောတရားများပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကာ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိကာလတွင်မူ ဆိုရှယ်လစ်စနစ်နှင့်အာဏာရပါတီတစ်ခုတည်း သာရှိခဲ့သည်ကို တွေ့ရှိရသည်။   ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်  ပါတီများပေါ်ထွက်ခဲ့ပြီး   ဒီမိုကရေစီစနစ်သို့သွားမည်ဟု ဦးတည်ခဲ့သော်လည်း (လက်ဝဲ/လက်ယာ) အယူအဆများ မကင်းဘဲရှိခဲ့သည်။ ၁၉၈၉ ခုနှစ် တွင် မှတ်ပုံတင်ခွင့်ရရှိသော နိုင်ငံရေးပါတီ ၂၃၅ ပါတီ အထိရှိခဲ့ပြီး ကမ္ဘာ့စံချိန်တင်လောက် အောင်ပင် အံ့သြဖွယ်များပြားခဲ့သည်။ တစ်ပါတီစနစ်ဖြင့် ၂၆ နှစ်နီးပါး နိုင်ငံ၏အစိုးရ ဖြစ်ခဲ့ သောကြောင့်လည်း နိုင်ငံရေးပါတီအဖွဲ့အစည်းများ  အများအပြားဖွဲ့စည်း ပေါ်ပေါက်လာခြင်း ဖြစ်နိုင်သည်။ ၁၉၉ဝ ပြည့်နှစ် မေလ ၂၇ ရက်နေ့ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၃ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရသည်။ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် နိုင်ငံရေး ပါတီများစတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ယနေ့အထိဖွဲ့စည်းခဲ့သည့် နိုင်ငံရေး ပါတီအများစုသည် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများကို ဦးတည်ဖွဲ့စည်း လာကြောင်း တွေ့ရသည်။ နိုင်ငံရေးပါတီ အမျိုးအစားများကို ပါတီ၏ အစဉ်အလာနှင့် ခေါင်းဆောင်မှု၊ ဓနအင်အား၊ ပါတီဝင်အင်အားစုစည်းနိုင်မှု အပေါ်မူတည်၍ တစ်နိုင်ငံလုံး ဆိုင်ရာပါတီ (ဥပမာ-နိုင်ငံအတွင်းရှိမြို့များ၊ ကျေးရွာများတွင် ပါတီရုံးခွဲများ  ဖွင့်လှစ်ထားနိုင် သောပါတီများ)၊ ဒေသဆိုင်ရာပါတီ (ဥပမာ- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း ၌သာ  စည်းရုံးဖွဲ့စည်းထားနိုင်သော တိုင်းရင်းသားပါတီများ)၊ အမှုဆောင် အမည်စာရင်းမျှသာ ရှိသောပါတီ (ဥပမာ- ပါတီရုံးချုပ်တစ်ခုသာ  ဖွင့်လှစ်ထားရှိပြီး သတ်မှတ်ပါတီဝင် အရေအတွက် ပြည့်မီရုံသာရှိသောပါတီများ)ဟူ၍ သုံးမျိုးရှိသည်ကိုလေ့လာတွေ့ရှိရသည်။ ၂ဝ၁ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် နိုင်ငံရေးပါတီ ၃၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂၂ ပါတီအနိုင်ရခဲ့သည်။ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ  ၁၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သုံးပါတီအနိုင်ရခဲ့သည်။ ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ၉၁ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၂ ပါတီအနိုင်ရရှိခဲ့သည်။ ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ၂၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၅ ပါတီအနိုင်ရခဲ့သည်။ ၂ဝ၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ၂၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ၄ ပါတီအနိုင်ရရှိခဲ့သည်။ ထိုကဲ့သို့မြန်မာနိုင်ငံတွင် ပါတီအများအပြား တည်ထောင်ပြီး ရွေးကောက်ပွဲ ဝင်ခြင်းမှာ အခြားသောပါတီစုံဒီမိုကရေစီနိုင်ငံများနှင့်နှိုင်းယှဉ်ကြည့်ပါက ထူးခြားမှုတစ်ခုဖြစ်နေသည်။ ထိုသို့ပါတီများပြားစွာထူထောင်၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မှာ နိုင်ငံအတွက် ကောင်းကျိုးနည်းနိုင်ကြောင်းနှင့် စည်းလုံးညီညွတ်မှုအားနည်းခြင်းကိုပြသနေကြောင်း အချို့ နိုင်ငံရေးပညာရှင်များက သုံးသပ်ကြသည်။ အိမ်နီးချင်းဒီမိုကရေစီနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ တွင်ပါတီ ၂၆ ခုရှိပြီး လွှတ်တော်အတွင်း အမတ်နေရာများခွဲဝေရရှိထားသည်ကိုတွေ့ရသည်။  အိန္ဒိယနိုင်ငံတွင် အဓိက နိုင်ငံရေးပါတီကြီး နှစ်ခုနှင့် အခြားပါတီ ခြောက်ခုသာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ကိုတွေ့ရသည်။ ကမ္ဘာပေါ်တွင်  ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ ကျင့်သုံးနေသည့်အမေရိကန်နိုင်ငံ၌ပင် Republican နှင့် Democratic ဟူသည့် အဓိကပါတီကြီး နှစ်ခုနှင့် အဓိက မဟုတ်သောပါတီ သုံးခုသာ ရွေးကောက်ပွဲဝင်ခဲ့သည်ကို တွေ့ရှိရပြီး အဓိကပါတီကြီး တစ်ခုမှ အာဏာရအစိုးရဖြစ်လာသည့် အချိန်တွင် ကျန်ပါတီကြီးက အတိုက်အခံအနေဖြင့် အစိုးရ၏ ဆောင်ရွက်ချက် အမှားများကို ထောက်ပြဝေဖန်လေ့ရှိသည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ကိုယ်စားပြု သို့မဟုတ် တစ်သီး ပုဂ္ဂလိကလွှတ်တော် ကိုယ်စားလှယ်လောင်းအသီးသီးသည် ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် မဲဆွယ်စည်းရုံး ခြင်းများပြုလုပ်ကြရမည်ဖြစ်သည်။ ထိုသို့ မဲဆွယ်စည်းရုံးရာတွင်လည်း ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတစွာမဲဆွယ်စည်းရုံးရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူအရေအတွက်သည် ယခုအခါ ၂၁၇၆၅ဝဝဝ ဦးထိရှိနေပြီး နိုင်ငံလူဦးရေ၏ ထက်ဝက် နီးပါးခန့် ရှိနေပြီဖြစ်သည်။ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မဲဆွယ်ရာတွင်လည်း   လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook စာမျက်နှာများကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ အသုံးပြုလာကြသည်ကို တွေ့ရသည်။ လွတ်လပ်၍တရားမျှတစွာ မဲဆွယ် စည်းရုံးရန်လိုအပ်သည်ဟု အထက်တွင်ဆိုခဲ့ပြီးဖြစ်သည်။ လွတ်လပ်ခြင်းတွင် အချုပ်အနှောင်၊ အနှောင်အဖွဲ့ကင်းသည့်အဓိပ္ပာယ်ရှိသည်။ ကျင့်ဝတ်အရ၊  ဆင်ခြင်တုံတရားအရ၊ ဥပဒေအရ၊ ဘာသာရေးအရ၊ တန်းတူညီမျှရေးနှင့် သင့်တော်မျှတမှုအရ ကိုယ်ကျင့်တရားဆိုင်ရာ သဘော တရားများအပေါ် အခြေခံလျက် မှန်ကန်သည်ဟု လူ့အဖွဲ့အစည်းတစ်ရပ်က သတ်မှတ်ထား သည့်အရာကို တရားမျှတမှုဟုခေါ်ဆိုသည်။ ဒီမိုကရေစီစနစ်၌ တရားမျှတမှုကို ထိန်းသိမ်း စောင့်ရှောက်ရန် အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်သည်။ ပြည်သူတို့၏ဘဝများနှင့်ပတ်သက်၍ အာဏာလက်ဝယ်ရှိသူများက ဥပဒေကခွင့်ပြုသည့် အတိုင်းမဟုတ်ဘဲ ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အမုန်းတရားများ၊ အဂတိများ သို့မဟုတ် ယုံကြည်မှုများကို အခြေခံလျက်ကြိုတင် မခန့်မှန်းနိုင် သည့် ပုံစံမျိုးဖြင့် မိမိတို့စိတ်ထင်ရာဆုံးဖြတ်ချက်များ မချမှတ်နိုင်စေရေးကိုသေချာစေသည်မှာ တရားမျှတမှုပင်ဖြစ်သည်။ ယခုမကြာမီကာလတွင်ပင် တည်ဆဲအစိုးရအပေါ် အပြုသဘော ဝေဖန်ထောက်ပြနေသည့် Facebook အကောင့်အချို့ကိုပင်ဖြုတ်ချခံရသည်ကိုတွေ့ရှိရသည်။ Profile အစစ်အမှန်ဖြင့် တင်ထားသည့် အဖွဲ့အစည်းအချို့၏ Facebook စာမျက်နှာများမှာ လည်း  အလားတူပင်ဖြစ်သည်။

 

Facebook ဟူသည့် လူမှုကွန်ရက်အား ကမ္ဘာပေါ်ရှိ လူတိုင်းအသုံးပြုခွင့် ပေးထားသည်။ လူတိုင်းအသုံးပြုခွင့် ပေးထားသည့် အရာတစ်ခုကို လိုလျှင်လိုသလို ပုံပျက်ပန်းပျက် သားရေကွင်း စံနှုန်းသတ်မှတ်၍ ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်နေခြင်းမှာ ဒီမိုကရေစီရေး လည်းမဟုတ်၊ အမျိုးသားရေးလည်းမဟုတ် ပုဂ္ဂလိက အရေးသက်သက်သာဖြစ်၍ ပါတီစုံ ဒီမိုကရေစီဆိုသည့်စကားနှင့် လားလားမှမထိုက်တန် ရှက်စရာကောင်းသော လုပ်ရပ်သာဖြစ် သည်။ လူတိုင်းအသုံးပြုခွင့်ရှိသည် ဆိုသည့် လွတ်လပ်မှုကို အခွင့်အရေးယူ၍ တရားမျှတမှုကို အလေးမထား ဆင်ခြင်တုံတရား ကျော်လွန် လုပ်ဆောင်လာပါက မလိုလားအပ်သည့် ဆိုးကျိုး များ ပြည်သူနှင့်နိုင်ငံအပေါ် ကျရောက်လာနိုင်သည်။

 

မည်သို့ပင်ဆိုစေကာမူနိုင်ငံရေးပါတီများသည် ပြည်သူတို့နှင့်သက်ဆိုင်သောနိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးရာကိစ္စများတွင် ပညာပေးခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းဖြေရှင်းခြင်း၊ သဘောထား ရပ်တည်ချက် ထုတ်ဖော်ပြောကြားခြင်းများ ပြုလုပ်ကြရမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိသောပါတီများအနေဖြင့် လွှတ်တော်အတွင်းတွင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခွင့်ရမည်ဖြစ်ပြီး ပါတီစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းစွာဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆောင်ရွက်ပေးနိုင်ပါက အကောင်းဆုံးပင်ဖြစ်သည်။ ဒီမိုကရေစီဆိုသည့် စကားရပ်ကို လူတိုင်းကြားဖူးနေကြပြီဖြစ်သည်။ ဒီမိုကရေစီဆိုသည်မှာ ဂရိဘာသာစကား ဒီမိုကရက်စ်တိုက်စ်မှ ဆင်းသက်လာသည်ဆိုသည်ကိုလည်း အတော်များများ သိနေနှင့်ကြပေ မည်။ ဒီမိုကရေစီကို ဂရိဘာသာစကားဖြစ်သည့် Demos= ပြည်သူများနှင့် Kratos= အုပ်ချုပ်မှုစကားလုံး နှစ်ခုပေါင်း၍ ပြည်သူအများကအုပ်ချုပ်သောစနစ်ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ စင်စစ်ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ပင်ဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရမှာ ပြည်သူ့ထံမှ ဆင်းသက်လာသော အာဏာကို ပြည်သူတို့အတွက် ပြည်သူ့ထံသို့ ပြန်လည် စီးဆင်းစေခြင်း သဘောတရားသာဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတော်သည်ပါတီစုံဒီမိုကရေစီစနစ် (Multi-party democratic System) ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးပါတီ အများအပြားတည်ထောင်၍ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါက ပြည်သူလူထုမှ အားကိုးအားထားပြုနိုင်မည့် ပါတီစုံဒီမိုကရေစီစနစ် ပီပြင်ရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံရေး ပါတီများတွင် နိုင်ငံနှင့် ပြည်သူလူထုအကျိုး၊ တိုင်းရင်းသားလူမျိုးတို့၏ အကျိုးစီးပွားကို ကိုယ့်ကျိုးမငဲ့စွန့်လွှတ် စွန့်စားဆောင်ရွက်သူများ၊ နိုင်ငံရေးသမားများ စုပေါင်းဖွဲ့စည်းထားပါမှ နိုင်ငံတော်အတွက်၊ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးကျေးဇူး ရှိမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာတွင် ပြည်သူ့ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍမှာ အရေးပါ လှသည်။ ထို့ကြောင့်နိုင်ငံ့အကျိုး၊ တိုင်းပြည်အကျိုး၊ အမျိုးသားအကျိုးတို့ကို တကယ် ဆောင်ရွက်နိုင်မည့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်နိုင်ရန်လည်းလိုအပ်ပေသည်။ သို့မှသာ ဖော်ဆောင်နေသော ပါတီစုံဒီမိုကရေစီစနစ်သည် ပီပြင်မည်၊ တည်ဆောက်နေသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤနေရာတွင် Realsim တစ်ဦးဖြစ်သည့် စင်္ကာပူခေါင်းဆောင်ဟောင်း လီကွမ်ယူ ၏ ၁၉၉၃ ခုနှစ် လောက်ဆီက ပြောကြားခဲ့သော စကားတစ်ခွန်းကို သတိရမိသည်။ အစိုးရကောင်းဆိုတာ သီအိုရီတွေ၊ သဘောထား ခံယူချက်တွေကို ဂရုမစိုက်ဘဲ အမျိုးသားအကျိုးစီးပွားတိုးတက်ရေး ကိုသာရှေးရှုတယ်။ အစိုးရကောင်းဆိုတာ သဘောတရားထက်လက်တွေ့ အကျိုးသက်ရောက် မှုကိုအလေးထားတယ်ဟူ၏။ ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း ခေတ်ပြောင်း၊ စနစ်ပြောင်းပြီးနောက် လူထုက ရွေးချယ်ခဲ့သော ပြည်သူ့ကိုယ်စားလှယ်များ၏ စွမ်းရည်ကို ဆယ်စုနှစ်တစ်စုစာ ပြည်သူတို့လက်တွေ့ လေ့လာခွင့်ရပြီး ဖြစ်သည်။ လေ့လာ၊ တွေ့ရှိ၊ သိရှိထားသမျှကို သုံးသပ်၍ မည်သို့သောသူကို မိမိတို့ဒေသ၊ မိမိတို့မြို့နယ်၏ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြမည် ကိုသာ မှန်မှန်ကန်ကန်ဆုံးဖြတ်ရန်လိုအပ်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ဘဝတစ်လျှောက် လုံး ကြိုးစားအားထုတ်မှုထက် မှန်ကန်စွာရွေးချယ်နိုင်မှုက လက်တွေ့ဘဝအပေါ် လွှမ်းမိုးနိုင်မှု ပိုမိုရှိနိုင်သဖြင့်ဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာလူမျိုးတို့သည် နယ်ချဲ့လက်အောက်တွင် လွတ်လပ်ခြင်းနှင့် တရားမျှတခြင်းတို့ကိုနှစ် ၁ဝဝ နီးပါးဆုံးရှုံးခဲ့ရသည်။ တရားမျှတလွတ်လပ်ခြင်းအတွက် လွတ်လပ်ရေးတိုက်ပွဲဆင်နွှဲခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နိုင်ငံတော်သီချင်း အစ၌ပင် တရားမျှတ၊ လွတ်လပ်ခြင်း နဲ့မသွေတို့ပြည်၊ တို့မြေဟု အစပြုထားခြင်းဖြစ်သည်။ မြန်မာတို့ တန်ဖိုးထားလေးစားခဲ့သည့် တရားမျှတခြင်းနှင့် လွတ်လပ်ခြင်းကို လက်ရှိကျင့်သုံး နေသော ပါတီစုံ ဒီမိုကရေစီစနစ်က ပိုမိုဖော်ဆောင်နိုင်မည်ဟု ပြည်သူလူထုမှ ယုံကြည် သဖြင့်သာ ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း၌ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုကြောင့် ပါတီစုံဒီမိုကရေစီစနစ်၏ အခြေခံဖြစ်သော ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတရန်အထူး လိုအပ်သည်။ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ငါနှင့်မတူငါ့ရန်သူစိတ်ထား၊ လုပ်ဆောင်ချက်တို့ကိုရှောင်ရှားရန်လိုသည်။ နိုင်ငံ့အရေး၊ တိုင်းပြည်အရေး၊ ပြည်သူလူထုအရေးကိုသာ ရှေးရှု၍ မသင့်သော အစွဲများကို ဖြတ်နိုင်မှလွတ်လပ်ခြင်းနှင့် တရားမျှတခြင်းတို့ကို နိုင်ငံသူ၊ နိုင်ငံသားအားလုံး ခံစားနိုင်မည် ဖြစ်ပါကြောင်း မီးမောင်းထိုး ရေးသားလိုက်ရပါသည်။

ဇော်မင်းထွန်း(ရေနံချောင်း)၊ မင်းသီဟ

တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ Reviewed by Unknown on 10:16 Rating: 5
Powered by Blogger.