“ ယုံကြည်ခြင်း၊ စီမံခန့်ခွဲမှုနှင့် Action ပါသော Plan များ ”

ဆောင်းပါး/ ဇော်မင်းထွန်း(ရေနံချောင်း)၊ မင်းသီဟ

အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ မကြာခဏကြားနေရပြီး နက်ရှိုင်းစွာ ယုံကြည်စွဲမြဲမိသောအဆိုတစ်ခုကို တင်ပြလိုပါသည်။ ၎င်းမှာ   စီမံကိန်းချပြီး ပြင်ဆင်ဖို့ပျက်ကွက်တာဟာ ကျဆုံးဖို့စီမံကိန်းချလိုက်တာပါပဲ ”(Falling to Plan is Planning to Fail ) ဟူ၏ ။ သာမန်စီးပွားရေးလုပ်ငန်းငယ်တစ်ခု၊ လူမှုရေး လုပ်ငန်းငယ်တစ်ခု၌ပင် မိမိတို့ဘာကိုရည်မှန်းသည်၊ ၎င်းရည်မှန်းချက်ကို မည်သည့်နည်းလမ်းများဖြင့် ရောက်အောင်လုပ်မည်၊ နည်းလမ်းများကို တစ်ခုချင်းအလိုက် မည်သူကဦးဆောင်မည်၊ မည်သည်ကပံ့ပိုးမည်၊ မည်သို့ လုပ်မည်ဆိုသည့် ကြိုတင်စီမံမှုများလိုသည်။ “ အစကောင်းမှ အနှောင်း သေချာ ” ဆိုသလို ကြိုတင်စီမံမှုဟူသော “ အစ ” ကောင်းမှ ရလဒ်ဟူသော “  အနှောင်း” အောင်မြင်မည်ဖြစ်သည်။

သာမန်ကိစ္စရပ်တစ်ခု၌ပင်လျှင် ဤသို့သောယေဘုယျလိုအပ်ချက် များရှိလျှင် နိုင်ငံတစ်ခုအတွက်ဆိုလျှင်မူ ဆိုဖွယ်မရှိတော့။ ယနေ့နိုင်ငံ၌ ကျင့်သုံးနေသော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို Of the people - လူထု ပိုင်သော ဒီမိုကရေစီ၊ for the people - လူထုအတွက်ဒီမိုကရေစီ၊ by the people- လူထုရွေးသောဒီမိုကရေစီဟုဆိုကြသည်။ ဤသို့ဆိုလျှင် ပြည်သူ လူထုက ၎င်းတို့ကိုယ်စား ရွေးကောက်တင်မြှောက်ခြင်းနည်းလမ်းဖြင့် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးအာဏာကိုအပ်နှံထားသည့် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်တို့၏အလုပ်မှာ ပြည်သူလူထု၏ ကောင်းရာ၊ ကောင်းကျိုးကိုဆောင်ကြဉ်းပေးမည့်လုပ်ငန်းများ၊ အစီအမံများကို လုပ်ကိုင်ရန်ပင်ဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး အရင်းကျမ်းကို ရေးသားခဲ့သူ ကားလ်မက်စ်က “ အိုင်ဒီယာ(Idea) တစ်ခုအနေဖြင့် အများစု သာမန်လူထု၏ စိုးရိမ်သောကကို ထင်ဟပ်ဖော်ပြနိုင်စွမ်းမရှိလျှင်၊ သြဇာ ကြီးမားသော အိုင်ဒီယိုလိုဂျီ (Ideology) ဖြစ်လာနိုင်ဖွယ်မရှိ ” ဟုဆို၏။ လူထုဘာတွေဖြစ်နေသလဲ၊ လူထုဘာကိုစိုးရိမ်နေသလဲ၊  ဘာတွေဖြစ်ချင် နေတာလဲ သိရန်ကြိုးစားရမည်။ သိလျှင်ဘာလုပ်ရမည်ကို စီမံရမည်။ ၎င်းအစီအမံသည် လူထု၏သောကကိုငြိမ်းစေရုံသာမက ယုံကြည်အားကိုးစိတ် ကိုပါ နှိုးဆွနိုင်စွမ်းရှိရမည်ဖြစ်သည်။      

လက်ရှိကျင့်သုံးနေသော ပါတီစုံဒီမိုကရေစီစနစ်၌ ဒီမိုကရေစီစနစ် တိုးတက်ရန် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်လိုအပ်သည်ကို နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်သင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က“ ဒီမိုကရေစီစနစ်ဆိုသည်မှာ  ကောင်းမွန် သော အုပ်ချုပ်ရေးစနစ်နှင့်တွဲဖက်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်သည့် အတွက် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အုပ်ချုပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုအနေနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာရေးအတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်တိုင်းတွင် အစိုးရနှင့်ပြည်သူအပြန်အလှန် ယုံကြည်လေးစားမှုရှိခြင်း၊ တရားဥပဒေစိုးမိုးမှု(Rule of Law ) ခိုင်မာ အားကောင်းခြင်း၊ ပွင့်လင်းမြင်သာမှု(Transparency)ရှိခြင်း၊ အဂတိတရားနှင့် လာဘ်ပေးလာဘ်ယူကင်းခြင်း၊ မဏ္ဍိုင်ကြီးသုံးရပ်အပြန်အလှန် အထောက် အကူပြုမှု အားကောင်းခြင်း၊ အစိုးရယန္တရားတွင် မလိုအပ်ဘဲကြန့်ကြာ ရှုပ်ထွေးစေနိုင်သော ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းများကို လျှော့ချနိုင်ခြင်း စသည့် အင်္ဂါရပ်များပြည့်စုံကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲ သည့်နေရာ၊ ဦးဆောင်သည့်နေရာတွင် စည်းမျဉ်းဥပဒေများနှင့်အညီ ဆောင်ရွက် ရကြောင်း၊ ပြဋ္ဌာန်းထားသည့်စည်းမျဉ်းဥပဒေကိုမလိုက်နာဘဲ ကျော်လွန် လုပ်ဆောင်ပါက ဥပဒေကိုချိုးဖောက်ခြင်းပင်ဖြစ်ပြီး ဒီမိုကရေစီကို ပြက်ရယ် ပြုသည်နှင့်တူကြောင်း၊ စစ်တိုက်သည့်နေရာတွင် အမိန့်နှင့်တိုက်ရသည်နှင့် အုပ်ချုပ်စီမံခန့်ခွဲသည့်နေရာတွင် ဥပဒေစည်းမျဉ်းနှင့်လုပ်ရခြင်းကို ခွဲခြား နားလည်ရမည်ဖြစ်ကြောင်း၊ ယင်းကို ခေါင်းဆောင်များက ပိုမိုထိန်းသိမ်းရ မည်ဖြစ်ပြီး ငါလုပ်လျှင်ရသည်ဆိုသည့် ဥပဒေပေါ်တွင် ကျော်လွန်လုပ်ဆောင် ခြင်းမျိုးမဖြစ်ရန်လိုကြောင်း ” ထည့်သွင်းအမှာစကားပြောကြားခဲ့သည်ကို မတ်လ ၆ ရက်နေ့ထုတ် မြဝတီသတင်းစာတွင် ဖတ်ရှုလေ့လာမိလိုက်သည်။

ပြည်သူများအတွက် ထိရောက်သောဆောင်ရွက်မှုများကိုချပြနိုင်သည့် အစိုးရတစ်ရပ်သည် မိမိတို့၏တာဝန်ဝတ္တရားများကို ကြန့်ကြာနှောင့်နှေးမှု မရှိဘဲ ဆောင်ရွက်တတ်ကြသည်။ ကောင်းမွန်စွာဖွဲ့စည်းတည်ဆောက် ထားခြင်း၊ ကဏ္ဍတိုင်းတွင်ကျွမ်းကျင်ပိုင်နိုင်ခြင်း၊ အကောင်းဆုံးသောဖြေရှင်း ဆောင်ရွက်ပုံနည်းလမ်းဖြင့် အုပ်ချုပ်နိုင်ခြင်းတို့သည် ပြည်သူတို့သဘောကျ နှစ်ခြိုက်သောအစိုးရတစ်ရပ်၏ လုပ်ဆောင်ပုံများပင်ဖြစ်သည်။ နိုင်ငံသား တို့အတွက် ကောင်းကျိုးရှိသောစီမံကိန်းများကိုသာ အကောင်အထည်ဖော်၍ မိမိတို့ချမှတ်ခဲ့သောလမ်းစဉ်များ၊ စီမံကိန်းများနှင့်ဆောင်ရွက်ချက်တို့အပေါ် တာဝန်ယူနိုင်သောအစိုးရတစ်ရပ်သည် နိုင်ငံသားများအတွက် ကောင်းမွန် သောသမိုင်းတစ်ခုကို ဖန်တီးပုံဖော်ပေးနိုင်ပေသည်။ အစိုးရတစ်ရပ်အနေဖြင့် ကျွမ်းကျင်မှု၊ ထိရောက်မှု၊ တာဝန်ခံမှု၊ တာဝန်ယူနိုင်မှု၊ လိုလိုလားလား တုံ့ပြန်တတ်မှုနှင့်တရားဝင်မှု စသည့် ဝိသေသများရှိသင့်ပြီး တရားဥပဒေနှင့် အညီအုပ်ချုပ်ကာ နိုင်ငံသားများအားလုံးအပေါ် တစ်ပြေးညီထားရှိသည့် ဥပဒေများဖြင့် ကျင့်သုံးဆောင်ရွက်တတ်ရန် အရေးကြီးပေသည်။ သို့မှသာ ပြည်သူများ၏ဘဝလုံခြုံမှုရှိပြီး အုပ်ချုပ်ရေးကောင်းတစ်ရပ် ဖြစ်လာမည်ဖြစ် သည်။

အုပ်ချုပ်ရေးကောင်းတစ်ရပ်ကိုထိန်းသိမ်းရာ၌ တာဝန်ခံမှုရှိခြင်းသည် အလွန်အရေးကြီးသည့် သဘောတရားတစ်ရပ်ဖြစ်သည်။ တာဝန်ခံမှုရှိခြင်းကို အရိုးရှင်းဆုံးအဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိမိယူထားသည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များအတွက် ပြန်လည် ဖြေကြားနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်၌ အစိုးရသည် နိုင်ငံသား များအပေါ် တာဝန်ခံရသည့်အတွက် ဆုံးဖြတ်ချက်မှန်သမျှသည် ပွင့်လင်း မြင်သာမှုရှိရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်၌ ချမှတ်သည့်ဆုံးဖြတ်ချက်များ အတွက်တာဝန်ယူရသည်။ ဆုံးဖြတ်ချက်မှားယွင်းခဲ့ပါက ချက်ချင်းပြန်လည် ပြင်ဆင်ရမည်မှာလည်း အစိုးရ၏တာဝန်ဖြစ်သည်။ ဒီမိုကရေစီစနစ်၌ အစိုးရ တစ်ရပ်အနေဖြင့် တရားဝင်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရသည်။ မည်သူမျှတရားဥပဒေ၏အထက်၌မရှိဘဲ အစိုးရအဖွဲ့ဝင်များအပါအဝင် နိုင်ငံသား အားလုံး ဥပဒေများကိုလိုက်နာကြရသည်။ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများကိုကျင်းပရသည်။ အစိုးရအဖွဲ့များအတွက် အကြီးမားဆုံး ပြဿနာမှာ အဂတိလိုက်စားမှုဖြစ်သည်။ ပြည်သူများက ၎င်းတို့ကို ကိုယ်စား ပြုမည့်သူများအား ရွေးကောက်ပွဲမှတစ်ဆင့် ရွေးချယ်လိုက်ကြသော်လည်း ၎င်းတို့ကရွေးချယ်လိုက်သူများသည် ပြည်သူများ၏ကောင်းကျိုးချမ်းသာကို ဆောင်ရွက်ရမည့်အစား ပြည်သူ့အာဏာကိုအလွဲသုံးစားပြု၍ မိမိတို့၏ ကိုယ်ကျိုးကိုသာလုပ်ဆောင်ကြသောအခါ ဒီမိုကရေစီစနစ်များကျဆုံးတတ် ပေသည်။

နိုင်ငံတစ်နိုင်ငံတွင် မည်သည့်နိုင်ငံရေးစနစ်ကျင့်သုံးသည်ဖြစ်စေ အုပ်ချုပ်မှု နှင့်စီမံခန့်ခွဲမှုမှာ အရေးကြီးလှသည်။ ဒီမိုကရေစီစနစ်ကိုကျင့်သုံး သည့်နိုင်ငံ တွင်မူ ပိုမိုအရေးကြီးမည်။ ထို့ကြောင့်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဒီမိုကရေစီစနစ်ဆိုသည်မှာ ကောင်းမွန်သောအုပ်ချုပ်ရေး စနစ်နှင့်တွဲဖက်မှသာ အောင်မြင်နိုင်မည်ဟုဆိုခြင်းဖြစ်သည်။ ကောင်းမွန် သောအုပ်ချုပ်မှုစနစ်တည်ဆောက်နိုင်ရန် လိုအပ်ချက်များစွာရှိမည့်အနက် အစိုးရနှင့်ပြည်သူ အပြန်အလှန်ယုံကြည်လေးစားမှုသည် အဓိကဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး၊ ဘေးပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်းအပေါ် မည်မျှ ယုံကြည်ကြသည်ဆိုသည့် လူမှုယုံကြည်မှု(Social Trust )မှာ အစိုးရနှင့် ပြည်သူအကြား အပြန်အလှန်ယုံကြည်လေးစားမှုအတွက် အခြေခံပင်ဖြစ် သည်။ ယုံကြည်မှုအားကောင်းလာပါမှ ဥပဒေအပေါ်လိုက်နာနိုင်မှု၊ လေးစားမှု နှင့် အုပ်ချုပ်ရေးယန္တရားတို့အပေါ် ကျေနပ်မှုတို့ပိုမိုလာမည်ဖြစ်သည်။ ယုံကြည်ခြင်းဆိုသည်မှာလည်း ယုံကြည်လောက်သောလုပ်ဆောင်ချက်၊ ယုံကြည်လောက်သော အပြုအမူ၊ ယုံကြည်လောက်သော အပြောအဆိုနှင့် ကောင်းမွန်သော စီမံခန့်ခွဲအုပ်ချုပ်မှုတို့မှ ဆင်းသက်လာခြင်းဖြစ်သည်။ ကောင်းမွန်သော၊ ထိရောက်သော၊ အချိန်မီသောစီမံခန့်ခွဲ အုပ်ချုပ်မှုသည် ပြည်သူတို့၏ အစိုးရအပေါ်မျှော်လင့်ချက်၊ ယုံကြည်ချက်ပင်ဖြစ်သည်။ ပြည်သူတို့ယုံကြည်အားထားလောက်သော အရည်အချင်းပြည့်ဝမှု ရှိ/မရှိ ဆိုသည်မှာမူ တိုင်းပြည်အခက်အခဲကြုံရချိန်၌ ပိုမိုပေါ်လွင်လာတတ်သည်။ ၎င်းကိုပင် အကျပ်အတည်းများကြားစီမံခန့်ခွဲမှု (Crisis Management) ဟု ဆိုခြင်းဖြစ်သည်။

ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးသည် COVID-19 ကပ်ရောဂါနှင့်ရင်ဆိုင် နေကြရသည်။ ကူးစက်မြန်၊ ကူးစက်လွယ်သောကပ်ရောဂါဖြစ်ပြီး အဆုံးအရှုံး လည်းများသဖြင့် သက်ဆိုင်ရာနိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရများ၏ အချိန်နှင့် တစ်ပြေးညီစီမံခန့်ခွဲမှု၊ ကြိုတင်ပြင်ဆင်မှု၊ အမြော်အမြင်ရှိမှု၊ လက်တွေ့ ဆန်မှုတို့ကို မျက်ဝါးထင်ထင်မြင်ရသည့်အချိန်ဖြစ်သည်။ ၎င်းကဲ့သို့အချိန်မျိုး တွင် အပြောနှင့်အလုပ်၊ အလုပ်နှင့်အပြောညီခြင်းသည်သာ အဓိကဖြစ် သည်။ အလှတန်ဆာဆင်ထားသော စကားများ၊ လက်တွေ့မပါသောစကား များ၊ စိတ်ကူးယဉ်စကားများမှာ အရာမရောက်လှကြောင်းနှင့် လူထု၏ ဆန္ဒ သဘောထား၊ မျှော်လင့်ချက်အပေါ်ထင်ဟပ်မှုမပြုနိုင်ကြောင်းတွေ့ရသည်။ ၎င်းကပ်ရောဂါသည် ယခုထိကုသဆေးမရှိသေးရာ မည်မျှပင်ဖွံ့ဖြိုးတိုးတက်၊ အင်အားကြီးသောနိုင်ငံပင်ဖြစ်ပါစေ ယခုလက်ရှိအခြေအနေတွင် ပြည်သူလူထု ခံစားနေရသည်မှာ မသေချာမရေရာမှုများ၊ စိုးရိမ်ထိတ်လန့်မှုများပင်ဖြစ် သည်။ ထို့ကြောင့် ပြည်သူလူထုလိုချင်နေသည်မှာ မသေချာမှုများထဲက သေချာရေရာမှု ပင်ဖြစ်သည်။ လက်တွေ့ဘာတွေလုပ်ထားသည်၊ ဘာတွေ လုပ်မည်ဆိုသည့် သေချာသည့်ကိန်းဂဏန်းများ၊ အချက်အလက်များပင်ဖြစ် သည်။ ဘာတွေဖြစ်လာလျှင် ဘာတွေလုပ်မည်။ ဘာတွေကြိုပြင်ထားသည်ကို ကြားချင်ကြ၊ သိချင်ကြသည်။ အားကိုးချင်ကြသည်ဟုမြင်မိပါသည်။ မရှိတာကို အရှိလုပ်၊ မလုပ်တာကိုအလုပ်ပြော၊ ကြိုတင်စီမံမှုမရှိသော လက်တန်းအပြော၊ အလုပ်နှင့် “ ငါးပွက်ရာ ငါးစာချ အလုပ်များကို ပြည်သူလူထုက ယုံကြည်မှု နည်းပါးလာကြောင်းလည်း တွေ့ရပါသည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါနှင့်ပတ်သက်၍ ပထမဦးဆုံးအတည် ပြုလူနာစတင်တွေ့ရှိသည်မှာ ၂၃-၃-၂၀၂၀ ရက်နေ့ဖြစ်ပါသည်။ ၎င်းရက် မတိုင်မီ ၂၁ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁ ရက်နေ့ကတည်းက တပ်မတော် သည် အင်တိုက်အားတိုက်ကျင်းပရန်ပြင်ဆင်ထားသော (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ရွှေ့ဆိုင်းခဲ့ သည်။ ဤသို့ရွှေ့ဆိုင်းလိုက်ခြင်းသည် ခက်ခဲသောဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ရခြင်းဖြစ်သည်။ စင်စစ် ငွေရတု၊ ရွှေရတု၊ စိန်ရတု တပ်မတော် နေ့ဆိုသည်မှာ ကြုံတောင့်ကြုံခဲဖြစ်သည်။ ထို့ကြောင့် ခမ်းခမ်းနားနား ကျင်းပရန်အားခဲခဲ့သည်။ ပြင်းပြင်းထန်ထန်လေ့ကျင့်ပြင်ဆင်ခဲ့ကြသည်။ သို့သော်တပ်မတော်သည် မြန်မာနိုင်ငံအတွက်ခိုင်မာသော Institution ဖြစ် သည်။ ထိုကဲ့သို့ Institution မျိုးက စံပြအနေဖြင့် စည်းကမ်းများကို စံနမူနာ ပြလိုက်နာပြရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် မတ်လ ၁ ရက်နေ့တွင်ဆုံးဖြတ်၍ မတ်လ ၂ ရက်နေ့တွင် လက်တွေ့ဆောင်ရွက်ခဲ့ သည်။ COVID-19 ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ အသေးစိတ်လိုက်နာ ဆောင်ရွက်ရမည့်အချက်များအား ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ဌာနချုပ် အားလုံးသို့ ဇန်နဝါရီလကတည်းကညွှန်ကြား၍ တိတိကျကျလိုက် နာစေခဲ့ သည်။ “ မတ်လလယ်၌ တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်သည်၊ မိသားစုဝင် များအတွင်း COVID-19 ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စီမံချက်နှင့် မြန်မာနိုင်ငံတွင် COVID-19 ရောဂါပြန့်ပွားကူးစက်လာပါက တပ်မတော်နှင့် အရပ်ဘက်ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်တို့ကို ” ရေးဆွဲခဲ့သည်။ ၎င်းလုပ်ငန်းစီမံချက်အသေးစိတ် အား ၂၂-၃-၂၀၂၀ ရက်နေ့တွင်ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ ပြည်သူထူထုသိစေရန် အသေးစိတ်ရှင်း ပြခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်မည့် တပ်မတော်၏ COVID-19 ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့်ကုသရေးစီမံချက်ကို လက်တွေ့ကျကျပြည်သူသို့တင်ပြခဲ့သည်။ နောက်တစ်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က COVID-19 ရောဂါနှင့်ပတ်သက်၍ လူနာများပြုစု စောင့်ရှောက်ပေးနေသည့် အထွေထွေရောဂါကုဆေးရုံကြီး(ဝေဘာဂီ)အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့်စေတနာရှင် အလှူရှင်များက ပေးအပ်လှူဒါန်းသည့် ကျန်းမာရေးဆိုင်ရာ ဆေးပစ္စည်း နှင့် အလှူငွေများကို ရန်ကုန်မြို့၌ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် စီမံချက်၌ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 ရောဂါကုသရေးအတွက် ပြင်ဆင် ဆောင်ရွက်နေသည့် “ တပ်မတော်ကိုယ်လက်အင်္ဂါသန်စွမ်းရေးဆေးရုံ ”၏ အသင့်ဖြစ်မှုအခြေအနေများအားစစ်ဆေး၍ လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့သည်။ အခြေအနေအားသုံးသပ်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်အသည်း ရောဂါကုဆေးရုံကြီးအားလည်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါအား ကုသနိုင်ရေးအတွက် အဆင်သင့် ပြင်ဆင်ထားရေးညွှန်ကြားခဲ့ပြီး ဆေးရုံသို့သွားရောက်စစ်ဆေးကာ အသေးစိတ် ညွှန်ကြားခဲ့သည်။ ၎င်းဆေးရုံသည် တစ်ပတ်အတွင်းပြင်ဆင်မှုများပြုလုပ် ခဲ့ပြီး ယခုအချိန်တွင် COVID-19 ရောဂါကုသရေးအတွက် အဆင်သင့်ဖြစ်ပြီး ဖြစ် သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ၃၀-၃-၂၀၂၀ ရက်နေ့တွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပြည်သူများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များအတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ဆေးရုံများအလိုက်စီမံဆောင်ရွက်မှုများ၊ တပ်အလိုက်ထုတ်ပေးထားသည့် ဆေးဝါးများ၊ ပြည်သူလူထုနှင့်တပ်မတော်သားများ၊ မိသားစုဝင်များအတွက် ရန်ကုန်မြို့ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင်  သီးသန့်စောင့်ကြပ်ကြည့်ရှု ရမည့်သူ ၂၀၀၀ ဦး နှင့် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ၁၅၀၀၀ ဦးထားရှိနိုင်ရေးပြင်ဆင်ရန်တို့ကို လက်တွေ့ကျကျညွှန်ကြားခဲ့သည်။ တပ်မတော်မှ သံလွင်၊ မြစ်ကြီးနား၊ မုတ္တမ စသည့် ရေယာဉ်များအားလည်း ဆေးရုံအဖြစ်အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရန်ညွှန်ကြားခဲ့သည်။  

ထို့အပြင်တပ်မတော်သည် နိုင်ငံတော်၏ အခိုင်မာဆုံး Institution ဖြစ် ပြီး နိုင်ငံအရေးကြုံလာချိန်တွင် ပြည်သူကိုကာကွယ်စောင့်ရှောက်ပေးရမည့် တပ်မတော်သားများအနေဖြင့် ကျန်းမာကြံ့ခိုင်ရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံတော်အဆင့်အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ဆေးရုံများနှင့်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများမှာ ကုသရေးအတွက် မအားမလပ် တာဝန်ထမ်းဆောင်နေကြရမည်ဖြစ်ရာ ပြည်သူများအတွက် လိုအပ်သော ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များအား တပ်မတော် ဆေးဝန်ထမ်းများနှင့် ကူညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။

လက်တွေ့လုပ်ဆောင်ချက်အနေဖြင့် တပ်မတော်က မြန်မာပြည် မြောက်ဖျား ပူတာအိုဒေသမှ တောင်ဖျားကော့သောင်းအထိ တစ်နိုင်ငံလုံး အနှံ့ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးဖျန်းခြင်း လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို အင်တိုက် အားတိုက်ဆောင်ရွက်ကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွှန်ကြားချက်အား လက်ခံရရှိပြီးနောက် ၃ ရက်အတွင်း ရန်ကုန်နှင့် နေပြည်တော်တို့တွင် သီးသန့်စောင့်ကြပ်ကြည့်ရှုရမည့်သူများထားရှိမည့် Quarantine Center ၂ ခုကို အကောင်အထည်ဖော်ခဲ့သည်။ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ တပ်မတော်စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် ညွှန်ကြားချက်ရရှိပြီး ၅ ရက်အတွင်းစောင့်ကြည့်ရမည့်သူ ၁၁၄ ဦး၊ နေပြည်တော်ရှိ တပ်မတော်စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ၅၇ ဦး လက်ခံထားရှိပြီး စားရေး၊ နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို တပ်မတော်ကဆောင်ရွက်ပေးလျက်ရှိသည်။

၎င်းသည်ပင် ထိရောက်သော၊ လက်တွေ့ကျသောအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု ဖြစ်သည်။ အပြောမဟုတ်အလုပ်ပါသော သက်သေပြချက်ဖြစ်သည်။ ပြည်သူ လူထု၏စိုးရိမ်သောကအပေါ် ထင်ဟပ်ချက်ဖြစ်ပါသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က “ ပြည်သူကအားကိုးရသော၊ နိုင်ငံတော်က အားထား ရသောတပ်မတော် ” ဖြစ်စေရေး အမြဲတိုက်တွန်းခဲ့သည်။ တပ်မတော်၌ လက်ရှိတာဝန်ထမ်းဆောင်နေစဉ်တစ်လျှောက် မကြာခဏကြားရ၊ မှတ်သား ရသောစကားတစ်ခွန်းရှိသည်။ စစ်တပ်ပီပီ နည်းနည်းတော့ စကားကမာသည်။ “ Action မပါတဲ့ Plan ဆိုရင် အယုံအကြည်မရှိ ” ဟူ၏ ။ Action ပါသော Plan ဖြစ်စေဖို့ အုပ်ချုပ်မှုနှင့်စီမံခန့်ခွဲမှုက အခရာကျသည်။ ခန့်အပ်ခြင်းကြောင့် သော်လည်းကောင်း၊ ရွေးကောက်ခြင်းကြောင့်သော်လည်းကောင်း “ အရေးပါ ” နေသူများသည် ပြည်သူကအားကိုးလောက်သော စီမံခန့်ခွဲမှုရှိမှသာ   “ အရာရောက် ” ပါလိမ့်မည်ဟု ရေးသားလိုက်ရပါသည်။

“ ယုံကြည်ခြင်း၊ စီမံခန့်ခွဲမှုနှင့် Action ပါသော Plan များ ” “ ယုံကြည်ခြင်း၊ စီမံခန့်ခွဲမှုနှင့် Action ပါသော Plan များ ” Reviewed by Admin on 09:58 Rating: 5
Powered by Blogger.